Friday 2 March 2012

Photoshop CS3 သင်ခန်းစာ အခန်း – ၅

အခန်း – (၅)

Adjusting Color (အရောင်များ ချိန်ညှိခြင်း)

ယခုအခန်းမှာပါဝင်မယ့် အကြောင်းအရာတွေကတော့ ဓါတ်ပုံတွေပြုပြင်ရာမှာ အလွန်အသုံးဝင်ပါတယ်။ ဒီအခန်းကို လေ့လာပြီးသွားရင် သင်ကိုတိုင် အနီရောင်နှင်းဆီပန်းကို အပြာရောင်အဖြစ်သို့လည်းကောင်း၊ အပြာရောင် ကောင်းကင်ကြီးကို နေ၀င်ခါနီးပုံစံသို့လည်းကောင်း အစရှိသည်ဖြင့် အရောင်ပိုင်းဆိုင်ရာအပြောင်းအလဲများကို ပြုလုပ်နိုင်သလို ပုံ၏အလင်းအမှောင်များပါ ချိန်ညှိယူနိုင်မှာပါ။ ထို့အပြင်သင့်ရဲ့ အရောင်မွဲနေတဲ့ပုံတွေကိုလည်း ပေါ်လွင်ထင်ရှားလာအောင် ပြုလုပ်နိုင်ဦးမှာပါ။

Photoshop မှာ အရောင်တွေကိုချိန်ညှိနိုင်ဖို့အတွက် Tool အပြည့်အစုံပါဝင်ပါတယ်။ ၄င်း Tool တွေအားလုံးကို Image > Adjustments ရဲ့ Submenu မှာကြည့်နိုင်ပါတယ်။



အရင်ဆုံးသင်ဟာ Color Adjustments မလုပ်ခင်မှာ သင့်ပုံကို ဘယ်နေရာမှာ သုံးမယ်ဆိုတာကို စဉ်စားချင့်တွယ်ဖို့လိုပါတယ်။ ပြီးခဲ့တဲ့အခန်းက Color Modes တွေမှာဖော်ပြခဲ့တဲ့အတိုင်း RGB ဟာကွန်ပျူတာမြင်ကွင်းပေါ်မှာဖော်ပြတဲ့ အမျိုးအစားဖြစ်ပြီး ၊ CMYK ဟာ ပုံနှိပ်ရာမှာသုံးတဲ့ အမျိုးအစားဖြစ်ပါတယ်။ ထို့ကြောင့် Web အတွက်သုံးမယ်ဆိုရင် RGB စနစ်သုံးပြီးချိန်ညှိရမှာ ဖြစ်သလို ပုံနှိပ်လုပ်ငန်းအတွက်ဆိုရင် RGB နဲ့အရင်လုပ်ပြီး နောက်ဆုံးကြမှ CMYK သို့ပြောင်ကာ (လိုအပ်ရင်) နောက်ဆုံးအနေနှင့် ပြန်လည်ချိန်ညှိပေးရပါတယ်။ အကယ်၍ CMYK မှင်နှင့်အလုပ်လုပ်တဲ့ အိမ်သုံး ၊ ရုံးသုံး inkjet Printer အတွက်ဆိုရင်လဲ RGB နဲ့သာလုပ်ဆောင်ပါ။ ဘာကြောင့်လဲဆိုတော့ ၄င်း Printer အတွင်းမှာ အရောင်စနစ် အလိုအလျောက်ပြောင်းလဲပေးတဲ့ဒီဇိုင်း ပြုလုပ်ထားလို့ပါပဲ။ အကယ်၍ အဖြုအမဲပုံအဖြစ် ပြောင်းလဲဖို့ စိတ်ကူးရှိရင်တော့ Grayscale ကိုသာအရင်ပြောင်းလိုက်ပါ။


Variations


ပုံတစ်ပုံ၏ အရောင်များချိန်ညှိရာတွင် မူလပုံနှင့် အရောင်အမျိုးမျိုးဖြင့် ပြင်ဆင်ချိန်ညှိထားသော ပုံများကို နှိုင်းယှဉ်ပြသထားကာ လိုချင်သောပုံပေါ်တွင် Click နှိပ်ရုံဖြင့် အလွယ်တစ်ကူချိန်ညှိယူနိုင်ပါတယ်။ ၄င်း Variations Tool ကို Image>>Adjustments ၏အောက်ဆုံးတွင် တွေ့မြင်နိုင်ပါသည်။


(အကယ်၍ Variations Tool ကို Image > Adjustments ၏အောက်ဆုံးတွင်မတွေ့ပါက Image > Mode တွင် 8-bit color mode ဖြစ်မဖြစ်အရင်စစ်ကြည့်ပါ။ Lab သို့မဟုတ် Indexed Color mode ဖြစ်နေလျှင် တစ်ခြား Color mode ကိုပြောင်းပေးပါ။ အကယ်၍ Color mode မှာပြဿနာမရှိဘူးဆိုရင် Variations plug-in မသွင်းရသေးတာဖြစ်နိုင်ပါတယ်။)



ပုံတွင် Variations dialog box ကိုပြထားပါတယ်။ ပထမ Variations dialog box ကိုဖွင့်သောအခါ Box ၏အပေါ်ဆုံးထောင့်၌ Original (မူလပုံ) နှင့် Current Pick (ယခုလက်ရှိချိန်ညှိထားသောပုံ) ကိုတွေ့ရမှာပါ။ အရောင်ချိန်ညှိမှုကို မူလပုံပေါ်သို့မည်မျှ effect သက်ရောက်မည်ဆိုတာကို Fine နှင့် Coarse ရေးထားသော Slide တုံးလေးမှာ အတိုးအလျော့ပြုလုပ်နိုင်ပါတယ်။ Variations dialog box ရဲ့ ညာဘက်ရှိ ပုံသုံးပုံမှာ Brightness ခေါ်အရောင်၏ အဖြူပါဝင်မှုနှုန်း နှင့် အမဲပါဝင်မှုနှုန်း ချိန်ညှိရန်ဖြစ်ပါသည်။ Box ၏အလယ်ရှိ ပုံခုနှစ်ပုံတွင် အလယ်ရှိ Current Pick မှာ အပေါ်ရှိ Current Pick နှင့် ဘေးဘက်ရှိပုံ သုံးပုံတို့၏ အလယ်ရှိ Current Pick တို့နှင့် တူညီပါတယ်။ ဘေးရှိ More Red ပုံမှာ အနီရောင် ဖြည့်စွတ်ထားသာပုံဖြစ်ပါသည်။ ၄င်းပုံကို Click နှိပ်ပါက Current Pick သို့ရောက်ရှိသွားမှာဖြစ်ပြီး ထို More Red နေရာ၌ Current Pick ရှိပုံကို အနီရောင် ထက်ပေါင်းထည့်ထားသော ပုံသို့ ပြောင်းသွားပါလိမ့်မည်။


ထိုနည်းအတိုင်း More Green, More Yellow, More Cyan, More Blue, More Magenta တို့ထဲမှ ထည့်သွင်းလိုသော အရောင်၏ ပုံပေါ်တွင် Click နှိပ်ရုံဖြင့် အလွယ်တစ်ကူ အရောင်ချိန်ညှိယူနိုင်ပါသည်။ အကယ်၍ သင်ဖြည့်စွတ်သော အရောင်များသွားပါက ၄င်းအရောင်၏ မျက်နှာချင်းဆိုင်ရှိ အရောင်ကို ရွေးချယ်၍ ပြန်လည်နုတ်ယူ (လျော့ယူ)နိုင်ပါသည်။


ဥပမာ သင်အရောင်ချိန်ညှိယူရာတွင် More Yellow (အ၀ါရောင်) များသွားပါက မျက်နှာချင်းဆိုင်ရှိ More Blue (အပြာရောင်) ကိုနှိပ်၍ အ၀ါရောင်ကိုပြန်နုတ်ယူနိုင်ပါတယ်။


Shadows: : ပုံတစ်ပုံရဲ့ အမဲရောင်ပါဝင်တဲ့ အစိတ်အပိုင်းကိုသာ ပြောင်းလဲစေပါတယ်။ Show Clipping ကိုအမှန်ခြစ်၍ ရွေးချယ်ထားခြင်းဖြင့် Shadows ပါဝင်တဲ့ အစိတ်အပိုင်းကို Neon-colored ဖြင့်ဖော်ပြပေးပါတယ်။ အောက်ပါရောင်စုံ လေးထောင့်ကွက်ပုံလေးအား ကြည့်ပါ။ အလယ်တန်းရှိ အမဲကွက်မှာ K 100% ၊ မီးခိုးရောင်မှာ k 50% နှင့် အဖြူရောင်မှာ k 0% ဖြစ်ပါတယ်။ Shadows ကိုရွေးချယ်ထားသဖြင့် အရောင်ထပ်ထည့်မည်ဆိုပါက အမဲပါဝင်သော အမဲကွက်နှင့် မီးခိုးကွက်သာ အရောင်ပြောင်းလဲမှုရှိပြီး အမဲမပါဝင်သော အဖြူကွက်မှာ အရောင်ပြောင်းလဲမှုမရှိပါ။



Midtones: : ပုံတစ်ပုံရဲ့ မီးခိုးရောင်ပါဝင်တဲ့ အစိတ်အပိုင်းကိုသာ ပြောင်းလဲစေပါတယ်။



Hightlights: : ပုံတစ်ပုံရဲ့ အဖြူရောင်ပါဝင်တဲ့ အစိတ်အပိုင်းကိုသာ ပြောင်းလဲစေပါတယ်။



Saturation: : ပုံတစ်ပုံရဲ့ အရောင်၏တောက်ပမှုပြင်းအားအနည်းအများကို ချိန်ညှိယူနိုင်ပါတယ်။



အကယ်၍အရောင်ချိန်ညှိရာတွင် မူရင်းပုံ ပြန်လည်ယူလိုပါက အပေါ်ဆုံးရှိ Original ပုံကို Click နှိပ်၍ပြန်လည်ရယူနိုင်သည်။ ထို့အတူ Alt ဖိထားပါက ညာဘက်ရှိ Cancel ခလုတ်သည် Reset ခလုတ်သို့ပြောင်းသွား၍ ၄င်းကို Click နှိပ်၍လည်း မူလအနေအထားသို့ပြန်လည်ပြောင်းယူနိုင်ပါတယ်။


Save button ကိုနှိပ်၍ အရောင်ချိန်ညှိထားသော လုပ်ဆောင်ချက်များကိုသိမ်းထား၍ အခြားအရောင်ချိန်ညှိရန် အမျိုးအစားတူညီသောပုံများ (ဥပမာ Digital Camera တစ်လုံးဖြင့်အလင်းရောင်ဆိုးရွားသည့် နေရာတစ်နေရာတည်းတွင် ရိုက်ထားသည့်ပုံများ) အတွက်အရောင်ချိန်ညှိရန် လိုပါက Load button ကိုနှိပ်၍ ပြန်လည်အသုံးပြုနိုင်ပါတယ်။


Histogram Photoshop မှာပါဝင်တဲ့ Histogram palette ဟာ ပုံတစ်ပုံမှာပါဝင်တဲ့ အလင်းအမှောင်အချိုးအစား၊ တစ်နည်းအားဖြင့် အဖြူ အမဲပါဝင်မှုနှုန်းကို ဂရပ်(Graph)ဖြင့်ဖော်ပြပေးသော Dialog box တစ်ခုဖြစ်ပါတယ်။ Histogram ကိုကြည့်ရုံဖြင့် ပုံတစ်ပုံဟာ အလင်းများနေလား ၊ အမှောင်များနေလားဆိုတာ ခန့်မှန်းလို့ရပါတယ်။ Histogram မှာ ဘယ်ဘက်ရှိ အမှောင်ဆုံးတန်ဖိုးအမည်း (Grayscale 255%) မှ ညာဘက်အစွန်ဆုံးရှိ အလင်းဆုံးတန်ဖိုး (Grayscale 0%) အထိအစဉ်လိုက် ဂရပ်(Graph) ဖြင့်ဖော်ပြပေးပါတယ်။



ဒီပုံမှာတော့ အလင်းအမှောင် မှန်ကန်စွာပါဝင်ပါသည်။ Histogram ရှိဂရပ်ကို အောက်ဘက်ရှိ အလင်းများသော ဂရပ်နှင့် အလင်းနည်း၍ အမှောင်များနေသော ဂရပ်တွေနှင့် နှိုင်းယှဉ်ကြည့်ပါ။



ဒီပုံကတော့ အလင်းများနေသောပုံဖြစ်ပါတယ်။ Histogram ရှိဂရပ်ကိုကြည့်ပါ။ ဘယ်ဘက်ရှိ အမည်းတန်ဖိုးများနေရာတွင် ဂရပ်လိုင်းများမရှိပဲ အလယ်နှင့် ညာဘက်အလင်းတန်ဖိုးပြနေရာတွင်သာ ဂရပ်လိုင်းဖော်ပြသဖြင့် ၄င်းပုံသည် အလင်းများ နေသောပုံဖြစ်ကြောင်း သိနိုင်ပါသည်။



ဒီပုံကတော့ အလင်းနည်း၍အမှောင်များနေသောပုံဖြစ်ပါတယ်။ Histogram ရှိဂရပ်ကိုကြည့်ပါ။ ဘယ်ဘက်ရှိ အမည်းတန်ဖိုးများနေရာနှင့် အလယ်ရှိ မီးခိုးရောင်တန်ဖိုးများနေရာတွင်သာ ဂရပ်လိုင်းများရှိ၍ ညာဘက်အလင်း တန်ဖိုးပြနေရာတွင် ဂရပ်လိုင်းမရှိသဖြင့် ၄င်းပုံသည် အလင်းနည်း၍ အမှောင်များနေသော ပုံဖြစ်ကြောင်း သိနိုင်ပါသည်။


Levels (Image>Adjustments>Levels…)(Ctrl+L)


ပုံတွေကို အရောင်ချိန်ညှိ (adjusting) ရာမှာ သုံးတဲ့ levels ကတော့ ပုံရဲ့ တောက်ပမှု (brightness) ကိုချိန်ညှိပေးတာပါ။ Histogram ကိုကူးယူဖော်ပြထားသော Levels dialog box ကိုပုံတွင်တွေ့မြင်နိုင်ပါတယ်။ ၄င်းမှာ ပုံကိုချိန်ညှိ (adjusting) ဖို့အတွက် တြိဂံပုံသဏ္ဍန်ထိန်းညှိခလုတ်တွေပါဝင်ပါတယ်။



Levels dialog box ၏ ဘယ်ဘက်ရှိ အမဲရောင် တြိဂံပုံသဏ္ဍန်ထိန်းညှိခလုတ် ကို Black point ဟုခေါ်ပြီး ပုံတွင်အရောင်ရင့်၍မဲမှောင်လာစေရန် အတွက် Click ဖိ၍အတွင်းဘက်သို့ ဆွဲပြီးချိန်ညှိယူနိုင်သလို ညာဘက်ထောင့်ရှိ အဖြူရောင် တြိဂံပုံသဏ္ဍန်ထိန်းညှိခလုတ် White point ကိုလဲအတွင်းဘက်သိုဆွဲ၍ အရောင်တောက်ပမှု (အလင်း) များလာစေရန် ချိန်ညှိယူနိုင်ပါတယ်။ အလယ်က မီးခိုးရောင် တြိဂံပုံသဏ္ဍန်ထိန်းညှိခလုတ်ကတော့ အမဲရောင်ကိုပိုပြီး အသေးစိတ်ချိန်ညှိနိုင်ရန် အထောက်အပံ့ပေးပါတယ်။ အောက်ဘက်ရှိ Output Levels မှာတော့ အလင်းနှင့်အမှောင် ခြားနားခြင်း (Contrast) ကိုချိန်ညှိယူနိုင်ပါတယ်။ အပေါ်ဆုံးရှိ Channel pop-up menu မှာတော့ RGB သို့မဟုတ် CMYK တို့ရဲ Channel တစ်ခုချင်းစီကို လိုအပ်သလို ပြောင်းလဲချိန်ညှိယူနိုင်ပါတယ်။ (Channels များအကြောင်းကို ဒီအခန်းရဲ့နောက်ဆုံးမှာ ရှင်းလင်းဖော်ပြပေးသွားပါမယ်။)


ညာဘက်အောက်ခြေရှိ မှင်စုပ်တံပုံစံ Eyedroppers သုံးခုဖြင့်လည်း levels ချိန်ညှိယူနိုင်ပါသေးတယ်။ ညာဘက်ရှိ အဖြူရောင် Eyedropper ကို Click နှိပ်ရွေးချယ်၍ ပုံပေါ်ရှိအလင်းများသောနေရာပေါ်သို့ Click နှိပ်ပါ။ ထို့နောက် ဘယ်ဘက်ရှိ အမဲရောင် Eyedropper ကို Click နှိပ်ရွေးချယ်၍ ပုံပေါ်ရှိအမှောင်များသောနေရာပေါ်သို့ Click နှိပ်ပါ။ အလယ်ရှိ Eyedropper ကတော့ ကြားရောင်ဖြစ်သော မီးခိုးရောင် (neutral gray) ဖြစ်ကာ အလင်းများသောနေရာကို Click နှိပ်ပါက နီကျင်ကျင်အရောင် နှင့် မှောင်မဲသောအစိတ်အပိုင်းကို Click နှိပ်ပါက ပြာနန့်နန့်အရောင်သို့ ပြောင်သွားသလို အရောင်ရှိသောအပေါ်သို့ Click နှိပ်မိပါက Photshop ဟာ ပုံမှာရှိတဲ့ အရောင်အားလုံးကို ပြောင်းပြစ်လိုက်မှာဖြစ်သည့်အတွက် ရောင်စုံပုံတွေမှာ မသုံးသင့်ပါဘူး။ အကယ်၍ Levels dialog box ၏ညာဘက်မှာရှိတဲ့ Auto ကို Click နှိပ်မယ်ဆိုရင် ဒါမှမဟုတ် Image>Adjustments မှာရှိတဲ့ Auto Levels(Shift+Ctrl+L) ကိုရွေးချယ်ခဲ့ပါက Photshop မှ tonal range ကိုတွက်ချက်၍ အလိုအလျှောက် ချိန်ညှိပေးသွားပါလိမ့်မယ်။ ဒါပေမယ့် များသောအားဖြင့် ၄င်းအလိုအလျှောက် ချိန်ညှိပေးခြင်းဟာ စိတ်ကျေနပ်ဖွယ်မရှိပါဘူး။ ညာဘက်အောက်ဆုံးရှိ Preview ကိုအဖွင့်အပိတ်လုပ်ရင် မူလပုံနှင့်ချိန်ညှိထားသောပုံကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။


Curves (Image>Adjustments>Curves…)(Ctrl+M)



Curves သုံးပြီးအရောင်ချိန်ညှိ (adjusting)တာဟာ Levels သုံးပြီးအရောင်ချိန်ညှိ (adjusting)တာနှင့် ဆင်တူပါတယ်။ Levels မှာတော့ အရောင်ချိန်ညှိဖို့ ချိန်ညှိခလုတ် ပွိုင့်(Point)သုံးခုသာ ရှိပါတယ်။ Curves မှာတော့ အရောင်ချိန်ညှိရန် ချိန်ညှိခလုတ် ပွိုင့်(Point) ၁၆ ခုအထိထည့်သုံးလို့ရပါတယ်။



Curves မှာ ပွိုင့်(Point) ထည့်လိုပါက Curves dialog box ရှိထောင်ဖြတ်မျဉ်းပေါ်တွင် Click နှိပ်ပါ။ ပွိုင့်(Point) အမှတ်အသားကို Click ဖိ၍ လိုသလို ဆွဲယူချိန်ညှိနိုင်ပါတယ်။ Input နှင့် Output နေရာမှာ 0 မှ 255 အထိတန်ဖိုးရိုက်ထည့်၍လည်း ပွိုင့်(Point) နေရာ သက်မှတ်ချိန်ညှိယူနိုင်ပါတယ်။ ပွိုင့်(Point) အမှတ်အသားကို ဖြတ်လိုပါက ဖြတ်လိုသောပွိုင့်(Point) အမှတ်အသားပေါ် Click ဖိ၍ dialog box အပြင်ဘက်သို့ဆွဲထုတ်လိုက်ပါ။ ဒါမှမဟုတ် ဖယ်ထုတ်လိုသောပွိုင့်(Point) အမှတ်အသားကို select လုပ်၍ Delete နှိပ်လိုက်ပါ။ အကယ်၍ ပုံပေါ်ရှိ အလင်းအမှောင်ချိန်ညှိလိုသော နေရာပေါ်၌ Ctrl + Click နှိပ်ပါက ၄င်းနေရာရှိ အလင်းအမှောင်တန်ဖိုးအတိုင်း dialog box တွင် ပွိုင့်(Point) တစ်ခုဖြစ်ပေါ်လာပါမည်။ ဤနည်းဖြင့် အလင်းအမှောင်ချိန်ညှိလိုသောအပိုင်ကို အလွယ်တစ်ကူရွေးချယ်ချိန်ညှိ ယူနိုင်ပါသည်။ ထိပ်ဆုံးမှာရှိတဲ့ Preset မှာတော့ Photoshop မှာပါဝင်တဲ့ လုပ်ဆောင်ချက်များကို ယူသုံးနိုင်သလို ချိန်ညှိပြီးသား လုပ်ဆောင်ချက်များကို သိမ်းဆည်း၍ ပြန်လည်အသုံးပြုနိုင်ပါတယ်။ ၄င်းအောက်က Channel pop-up menu မှာတော့ Levels မှာကဲ့သို့ RGB /CMYK Channel တစ်ခုချင်းစီကို လိုအပ်သလို ပြောင်းလဲချိန်ညှိယူနိုင်ပါတယ်။


Channel အောက်ရှိ ခဲတံပုံလေးကို ရွေးချယ်ပါက dialog box ပေါ်တွင် စိတ်ကြိုက်ခဲတံဖြင့်ရေးခြစ်သလို Click ဖိ၍ရေးဆွဲနိုင်ပါသည်။ မညီမညာဖြစ်နေပါက ယာဘက်ရှိ Smooth ကိုနှိပ်၍ ညီညာပြေပြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။


Auto ခလုတ်ကတော့ Photshop မှ အလိုအလျှောက် ချိန်ညှိပေးသွားမှာဖြစ်ပါတယ်။ အောက်ဘက်ရှိ မှင်စုတ်တံပုံစံ Eyedropper သုံးခုကတော့ အဖြူ အမဲ Point ကို သတ်မှတ်ရွေးချယ်ပေးပါက Photshop မှအလိုအလျှောက် ချိန်ညှိပေးသော Tool ဖြစ်ပါတယ်။ အမဲရောင် Eyedropper ကိုရွေးပါက အမဲတန်ဖိုးကို သတ်မှတ်ပေးရမှာဖြစ်ပြီး သတ်မှတ်ရွေးချယ်ထားသော Point တန်ဖိုးအလိုက် Photshop မှအလိုအလျှောက် အမှောင်/မှောင်ရိပ်ကို ချိန်ညှိပေးသွားမှာပါ။ အဖြူရောင် Eyedropper ကတော့ အဖြူတန်ဖိုးကို သတ်မှတ်ပေးရမှာဖြစ်ပါတယ်။


Show Clipping ကတော့ မည်သည့်နေရာတွက် အဖြူ/အမဲ ပါဝင်သည်ကို ကြည့်ရန်ဖြစ်ပါတယ်။ Curves dialog box ရှိ ဂရစ်ကွက်(Grid) များကိုအသေးစိတ်ပို၍ဖော်ပြလိုပါက ၄င်းဂရစ်ကွက်(Grid) များအပေါ်တွင် Alt + Click နှိပ်ပါ။ (Curves အသုံးပြုပုံအသေးစိတ်ကို ပိုစ်တစ်ခုအနေနှင့် သီးသန့်ရေးပေးသွားပါမည်)


Color Balance(Image>Adjustments>Color Balance…)(Ctrl+B) Color Balance အကြောင်းနားလည်ချင်ရင်တော့ ရောင်စဉ်စက်ဝန်း(Color Wheel) ကိုကြည့်တတ်ဖို့လိုအပ်ပါတယ်။ အောက်မှာပေးထားတဲ့ Color Wheel ကိုအရင်ကြည့်ပါ။



ပုံမှာ R(Red) ရဲ့ဆန့်ကျင်ဘက်မှာ C(Cyan) ၊ M(Magenta) ရဲ့ဆန့်ကျင်ဘက်မှာ G(Green) နှင့် B(Blue) ရဲ့ဆန့်ကျင်ဘက်မှာ G(Green) တို့တည်ရှိပါတယ်။ အကယ်၍ပုံတစ်ပုံအား Color Balance ဖြင့် Color Adjust လုပ်မယ်ဆိုရင် အရောင်တစ်ရောင်အား တန်ဖိုးတိုးလိုပါက ၎င်းအရောင်၏ဆန့်ကျင်ဘက်ရှိအရောင်အား တန်ဖိုးလျော့ပေးလိုက်ပါ။ ဥပမာအပြာရောင်ကို ထည့်သွင်းလိုပါက အပြာရောင်၏ ဆန့်ကျင်ဘက်အရောင်ဖြစ်သော အစိမ်းရောင်တန်ဖိုးကို လျော့ချပေးရမှာပါ။



ပုံမှာ Color Balance dialog box ကိုဖော်ပြပေးထားပါတယ်။ အတိုးအလျော့လုပ်လိုသော အရောင်ကို Slider ကိုရွေ့၍ အလွယ်တစ်ကူချိန်ညှိနိုင်ပါတယ်။ Tone Balance နေရာမှာ အထက်မှာဖော်ပြခဲ့သော Variations dialog box မှာကဲ့သို ချိန်ညှိလိုသော Tone ကိုရွေး၍ ချိန်ညှိနိုင်ပါတယ်။



မူရင်းပုံ



Color Balance သုံးထားပြီပုံ


Hue/Saturation (Image>Adjustments>Hue/Saturation…)(Ctrl+U)


ပုံတစ်ပုံမှာရှိတဲ့ Hue (အဖြူ ၊ အမဲ ၊ နုခြင်း ၊ ရင့်ခြင်း ၊ အလင်း ၊ အမှောင်များ ပေါင်းစပ်ပါဝင်ခြင်းမရှိသော မူလအရောင်) ကိုချိန်ညှိပြောင်းလဲယူခြင်း ၊ Saturation (အရောင်၏တောက်ပမှု) ကိုပြောင်းလဲနိုင်ခြင်း ၊ Lightness (အဖြူ အမဲ ပါဝင်မှု) ကိုချိန်ညှိနိုင်ခြင်းများပြုလုပ်နိုင်ပါသည်။



Hue/Saturation dialog box မှာ အရောင်ချိန်ညှိရန် slider သုံးခုပါဝင်ပါတယ်။ Hue slider ကိုရွေ့၍ အရောင်ချိန်ညှိသောအခါ ရောင်စဉ်စက်ဝန်း (color wheel) ရောင်စဉ်အတိုင်း အရောင်ပြောင်းပေးပါလိမ့်မည်။ ဥပမာ Hue slider ကိုအလယ်မှ ဘယ်ဘက်သို့ရွေ့ပါက ပုံတွင်ရှိသော အနီရောင်သည် အောက်ဆုံးရှိ ရောင်စဉ်တန်းတွင်ပြထားသော အရောင်အစဉ်အတိုင် အနီမှ ခရမ်းရောင် ၊ ခရမ်းရောင်မှ အပြာရောင် သို့လည်းကောင်း ယာဘက်ကိုရွေ့ပါက အနီမှ လိမ္မော် ၊ လိမ္မော်မှ အ၀ါ စသည်ဖြင့်ပြောင်းလဲပေးသွားမှာပါ။


Saturation slider သည် အလယ်မှတ် 0% မှစ၍ ညာဘက်သို့ 100% အထိ Saturation (အရောင်၏တောက်ပမှု) တန်ဖိုးထားနိုင်ပြီး မီးခိုးရောင် (Gray) မပါဝင်သော အရောင်စစ်ကိုပြောင်းပေးကာ ဘယ်ဘက်သို့ 100% ရွေ့ပါက Unsaturation (အရောင်မဲ့) ကိုရရှိစေမှာဖြစ်ပါတယ်။


Lightness slider ကိုတော့ ပုံ၏ Brightness (အလင်း (သို့) အဖြူအမဲပါဝင်ပေါင်းစပ်မှု) ကို အလယ်မှတ် 0 မှ ညာဘက်သို့ +100 တန်ဖိုးအထိ အလင်း (သို့) အဖြူပါဝင်မှုကိုလည်းကောင်း ၊ ဘယ်ဘက်သို့ -100 တန်ဖိုးအထိ အမှောင်(သို့) အမဲပါဝင်မှုကိုလည်းကောင်း ပြောင်းလဲနိုင်ပါတယ်။


အကယ်၍ ပုံမှာရှိတဲ့ အရောင်အစိတ်အပိုင်းအချို့ကိုရွေး၍ ပြောင်းလဲလိုပါက Edit နေရာရှိ Master နေရာမှာ ပြောင်းလဲလိုသောအရောင်ကိုရွေးပေးရပါမယ်။ အရောင်တစ်ခုခုကိုရွေးချယ်လိုက်ပါက အောက်ဘက်ရှိ မှင်စုတ်တံပုံစံ Eyedropper သုံးခုပေါ်လာပါလိမ့်မယ်။



ဘယ်ဘက်ရှိ Eyedropper မှာ ပုံပေါ် Click နှိပ်၍ ပြောင်းလိုသောအရောင်နမူနာ ယူရန်ဖြစ်ပါတယ်။ အလယ်ရှိအပေါင်းသင်္ကေတ (+) ပါသော Eyedropper မှာအရောင်ထပ်ပေါင်းထည့်ရန်ဖြစ်ပြီး ညာဘက်ရှိ အနုတ်သင်္ကေတ (-) ပါသော Eyedropper မှာအရောင်နုတ်ရန်အတွက်ဖြစ်ပါတယ်။ ညာဘက်ရှိ Colorize ကိုအမှန်ခြစ်ရွေးချယ်ပါက ပုံတစ်ခုလုံးရှိအရောင်အားလုံးကို အရောင်တစ်ရောင်ထဲ ပြောင်းလဲပေးသွားမှာပါ။


Brightness/Contrast(Image>Adjustments>Brightness/Contrast…)


Brightness ကတော့ပုံ၏ အလင်းအမှောင်ကို ချိန်ညှိဖို့ဖြစ်ပါတယ်။ အရင် Photoshop Version ဟောင်းတွေမှာပါတဲ့ Brightness/Contrast ကတော့ ပုံတစ်ခုလုံးမှာရှိတဲ့ အမဲ နှင့် မီးခိုး(Gray) ကိုပြောင်းလဲပြစ်သောကြောင့် စိတ်ကျေနပ်ဖွယ်မရှိသော အလင်းအမှောင်ကိုမရရှိသော်လည်း ယခုအခါမှာတော့ မီးခိုး(Gray) ကိုသာပြောင်းလဲချိန်ညှိပေးသောကြောင့် ကောင်းမွန်သော အလင်းအမှောင်ကိုရရှိစေပါတယ်။ အကယ်၍ အရင် Photoshop Version ဟောင်းတွေမှာပါတဲ့ Brightness/Contrast ကိုနှစ်သက်တယ်ဆိုရင်တော့ Use Legacy ကိုအမှန်ခြစ်၍ အသုံးပြုနိုင်ပါတယ်။ Contrast ကတော့ Pixel များအကြားရှိ အလင်းအမှောင်ကွာခြားမှုကို ချိန်ညှိပေးတဲ့အတွက် ပုံရဲ့ ပြတ်သားမှုကို ဖြစ်ပေါ်စေပါတယ်။



Slider တုံးလေးကို ညာဘက်သို့ဆွဲသွားပါက အလင်း သို့မဟုတ် ပြတ်သားမှု များလာမှာဖြစ်ပါတယ်။ Brightness/Contrast ဖြင့် အလင်းအမှောင်ချိန်ညှိရာမှာ စိတ်ကျေနပ်မှုမရှိပါက Variations သို့မဟုတ် Levels သို့မဟုတ် Curves တစ်ခုခုဖြင့် adjust လုပ်ပါ။


Shadows and Highlights (Image>Adjustments>Shadows and Highlights…)



အလင်းကိုဆန့်ကျင်ပြီး ရိုက်ထားသောပုံများ (ဥပမာ နေရောင်ကိုကျောပေး၍ရိုက်မိသောပုံများ) ၊ အလင်းနည်းသောနေရာ သို့မဟုတ် အမှောင်ထဲတွင် ဓာတ်ပုံရိုက်သောအခါ ကင်မရာ Flash မပွင့်၍ မှောင်နေသောပုံများအတွက် အထူးအသုံးဝင် ပါတယ်။ Shadows and Highlights ကအလင်းမရ၍ မှောင်နေသောအပိုင်းကို Contrast မပြောင်းလဲပဲ လင်းလာအောင်ပြုလုပ်ပေးနိုင်ပါတယ်။



Photo Filters(Image>Adjustments>Photo Filters)


ဓာတ်ပုံဆရာတွေ အထူးပြုလုပ်ချက်များအတွက် ကင်မရာမှန်ဘီလူးရှေ့တွင် colored filter သုံး၍ရိုက်သောပုံကဲ့သို့ လုပ်ဆောင်နိုင်ပါတယ်။



Auto Contrast(Image>Adjustments>Auto Contrast)(Alt+Shift+Ctrl+L)


Auto Contrast ဟာ ပုံရဲ့ Contrast ကိုအလိုအလျောက်ချိန်ညှိပေးပါတယ်။ ပုံမှာပါဝင်တဲ့ မှောင်သောအပိုင်း (Shadow) နှင့် လင်းသောအပိုင်း (Highlight) တန်ဖိုးတွေကိုရွေးချယ်စီစဉ်ကာ ပုံတွင်ပါဝင်သည့် အလင်းဆုံးနှင့် အမှောင်ဆုံး Pixel များကို သန့်စင်သော အဖြူရောင် pure white (level 255) နှင့် သန့်စင်သောအမဲရောင် pure black (level 255) သို့ပြောင်းပေးပါတယ်။ မှောင်သောအပိုင်းကို ပိုနက်မှောင်စေရန်နှင့် လင်းသောအပိုင်းကို ပိုလင်းလာအောင် ပြုလုပ်ပေးပါတယ်။


Auto Color(Image>Adjustments>Auto Color)(Shift+Ctrl+B)


ပုံမှာပါတဲ့ shadows , midtones နှင့် highlights တွေကို ခွဲခြားရွေး ထုတ်၍ contrast နှင့် color ကိုအလိုအလျှောက် ချိန်ညှိပေးပါတယ်။


Desaturate (Image>Adjustments>Desaturate)(Shift+Ctrl+U)


Color Mode မပြောင်းလဲပဲ ပုံမှာပါဝင်တဲ့အရောင်တွေကိုဖယ်ထုတ်ပေးပါတယ်။ တစ်နည်းအားဖြင့် ကာလာဓာတ်ပုံကို အဖြူအမဲပုံသို့ပြောင်းလဲပေးပါတယ်။ Hue/Saturation dialog box မှာရှိတဲ့ Saturation ကို -100 ထားတာနှင့် တူညီပါတယ်။ (အကယ်၍ Layer တစ်ခုထက်မက ရှိနေပါက Select လုပ်ထားသော Layer သာလျှင် Desaturate သို့ ပြောင်းပေး ပါလိမ့်မည်။)


Preserving the Original with Adjustment Layers မူရင်ပုံကိုမထိခိုက်ပဲ color adjustment လုပ်ဖို့အတွက် Photshop မှာပါဝင်တဲ့ Adjustment Layers ကိုသုံးနိုင်ပါတယ်။ ၄င်းဟာ Layer တစ်ခုအနေဖြင့်တည်ရှိနေပြီး အချိန်မရွေးပြန်လည် ချိန်ညှိနိုင်ပါတယ်။ အကယ်၍ Adjustment Layer ကိုသုံးပြီး အရောင်ချိန်ညှိချင်တယ်ဆိုရင် ပုံမှာပြထားသည့်အတိုင်း Layer>New Adjustment Layer ရှိအသုံးပြုလိုသော Adjustment ကိုရွေးချယ်နိုင်သလို Layer palette အောက်ခြေရှိ အဖြူတစ်ခြမ်းအမဲတစ်ခြမ်း စက်ဝိုင်းပုံလေးကို Click နှိပ်၍ ရွေးချယ်နိုင်ပါတယ်။



အကယ်၍ပြန်လည် Adjust လုပ်လိုပါက Layers palette ရှိ Adjustment Layers ပုံပေါ်တွင် double-clicking နှိပ်၍ ပြန်လည်ချိန်ညှိယူနိုင်ပါတယ်။


Channels


Channel ဆိုတာကတော့ မတူညီတဲ့ အချက်အလက်အမျိုးမျိုးကိုသိမ်းထားတဲ့ grayscale images များပါ။ အလွယ်တစ်ကူပြောရမယ်ဆိုရင်တော့ ပုံတစ်ခုမှာပါဝင်တဲ့ အရောင်တွေကို Layer ခွဲပြီးဖော်ပြပေးထားတာပါ။ Channel မှာ အောက်ပါအမျိုးအစားသုံးမျိုးပါဝင်ပါတယ်။


Color information channels ။ ။ ၄င်း Channel ကတော့ ပုံတစ်ပုံဖွင့်လိုက်တာနဲ့ အလိုအလျှောက် ပါဝင်ပြီးသားပါ။ Channel ပါဝင်မှုအရေအတွက်ကတော့ ၄င်းပုံရဲ့ Color Mode ပေါ်မှာမူတည်ပါတယ်။


ဥပမာ – RGB ပုံတစ်ပုံမှာ Editing လုပ်ဖို့အတွက် (Red, Green, Blue) သုံးခုနှင့် ထပ်ပေါင်းထည့်သော Channel များပါဝင်နိုင်ပါတယ်။



Alpha channels ။ ။ Grayscale Images အဖြစ်နဲ့တည်ရှိပြီး Alpha channels ကို Mask အဖြစ်ဖန်တီး သိမ်းထားနိုင်ပါတယ်။


Spot color channels ။ ။ ပုံနှိပ်ရန်အတွက် အပိုထပ်ထည့်သော Color Channel ဖြစ်ပြီး ပုံတစ်ခုမှာ Channel ၅၆ ခုအထိထည့်သွင်းနိုင်ပါတယ်။ Channel အားလုံးဟာ မူရင်းပုံမှာကဲ့သို့ တူညီတဲ့ Dimensions နှင့် Pixels များရှိကြပါတယ်။



Edit>Preferences>Interface ရှိ Show Channels in Color ကိုရွေးချယ်ခြင်းဖြင့် Channel အားအရောင်ဖြင့်ကြည့်နိုင်ပါသည်။

0 comments:

Post a Comment